![1]()
ဒေါက်တာညိုညိုသင်း
(ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
အမျိုးသမီးတွေကို Weakness Sex, Weakness Gender ဆိုပြီး သတ်မှတ်လေ့ ရှိကြပါတယ်။ ဒါပေမဲ့လည်း အားနည်း၊ အားနွဲ့တဲ့အမျိုးသမီးတွေထဲမှာမှ ထက်မြက် ရဲရင့် တဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။ နယ်ပယ်အသီးသီးမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး လှုပ်ရှားရုန်းကန်နေတဲ့ အမျိုးသမီးတွေထဲမှာ ဒေါက်တာ ညိုညိုသင်း လည်း ပါဝင်ပါတယ်။ မြန်မာ့နိုင်ငံရေး နယ်ပယ်ထဲမှာ ရှားပါးလှတဲ့အမျိုးသမီးလည်း ဖြစ်ပါ တယ်။ ပြည်သူ့လိုအပ် ချက်တွေ ပြည်သူ့ဆန္ဒတွေ ကို ပြည် သူတွေကိုယ်စား အကောင် အထည်ဖော်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ သူမနဲ့ Beyond the women ကဏ္ဍအတွက် တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှာ ပြည်သူတွေအတွက် ဘယ်လိုတာဝန်တွေ ရှိပါသလဲ။
တာဝန်တွေ ရှိတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့ကိုယ်စားလွှတ်တော်ထဲမှာ နေရတာပါ။ သူက ပြည်သူလူထုရဲ့ ဒုက္ခ၊ ပြည်သူလူထုရဲ့ ဆန္ဒကို နည်းအမျိုး မျိုးနဲ့ လွှတ် တော်ထဲမှာ ဖွင့်ဟဖော်ထုတ်ပေးရမယ်။ မဲပေးခြင်းနည်းလမ်းဆိုတာ အလွယ်ဆုံးနည်းလမ်းပဲ။ သူများပြောတာ၊ ဝေဖန်တာကို ထောက်ခံတယ် ကန့်ကွက် တယ်ဆိုတာကို ခလုတ်လေးနှိပ်ပြီးမဲပေးရတာ။ ပြည်သူကကိုယ့်ကို mandate ပေးလိုက်တာ။ ဒီကိစ္စက ပြည်သူလူထု အတွက်အကျိုးရှိ ရင် ပြည်သူ့ ကိုယ် စား ထောက် ခံ။ ပြည်သူ အကျိုးမရှိရင် ကန့်ကွက်ပေါ့။ ပြတ်ပြတ်သားသားနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ရတယ်။ နောက်ပြီး အစိုးရကို ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်အောင် လုပ်ဖို့လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်မှာ တာဝန်ရှိတယ်။ ပွင့်လင်းမြင်သာတဲ့ အစိုးရမဖြစ်ခဲ့လို့ အန်တီတို့က ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ဘာမှ ယှဉ်လို့မ ရ အောင်ကို မျက်စိပိတ်နားပိတ်တွေဖြစ်ခဲ့ရပြီးပြီ။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီး ဦးဆောင်ပြီး ပွင်းလင်းမြင်သာတဲ့ အစိုးရဖြစ်အောင် ပြောင်းလဲ နေတဲ့အချိန် မှာအစိုးရ ကို ပွင်းလင်းမြင်သာတဲ့ တာဝန်ခံတဲ့အစိုးရဖြစ်အောင် လုပ်တဲ့နေရာမှာ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ တာဝန်ကလည်း အရေးကြီးတယ်။
လွှတ်တော်ထဲကိုရောက်နေပေမဲ့လည်း ဘယ်လိုဆွေးနွေးမှုမျိုးမှာမှ မပါဝင်ဘဲ ဒီအတိုင်းထိုင်နေတတ်တဲ့ ကိုယ်စားလှယ်မျိုးတွေကိုကော အစ်မဘယ်လို ဝေဖန်ချင် ပါသ လဲ။
လွှတ်တော်ထဲမှာထိုင်နေပြီး ဆွေးနွေးမှု လုပ်ဖို့နေသာ မဲပေးဖို့အတွက် ရှေ့ကခလုတ် တောင် တစ်ချက်မနှိပ်တဲ့သူတွေ အများကြီးရှိ တယ်။ ထောက်ခံဖို့၊ ကန့်ကွက် ဖို့ေ တာင် ခလုတ်မ နှိပ်ဘူး။ လွှတ်တော်ထဲရောက်နေပြီးဒီလောက် တောင်မလုပ်လို့တော့မရဘူး။ ပြည်သူလူထုရဲ့ ပိုက်ဆံကိုစားနေတာလေ။ အခုဆိုရင် တိုးလာ မယ့် ဥပဒေ အရဆိုရင် ပြည်ထောင်စုလွှတ်တော် က ၆ သိန်း၊ တိုင်းဒေသကြီးဆိုရင် ၄ သိန်း။ ဒါက ပြည်သူ့ပိုက်ဆံပဲ။ နည်းတာ မဟုတ်ဘူး။ လွှတ် တော်ထဲမှာ ထိုင်ပဲ ထိုင်နေလို့တော့ မရဘူးလေ။
လွှတ်တော် Channel ကို ကြည့်ကြည့်ပါ။ မဲပေးခွင့်ရှိတဲ့သူအရေအတွက်နဲ့ မဲပေးလိုက်တဲ့ သူအရေအတွက်နဲ့က အမြဲကွာနေတယ်။ ဒါက ဘာလဲဆိုရင် လွှတ်တော်ထဲမှာ လက်တောင် မလှုပ်ကြတဲ့သူတွေရှိတယ်ဆိုတာ ပြတာပဲ။ ဝင်ရောက်ဆွေးနွေးခြင်း၊ ဝေဖန်ထောက်ပြခြင်းကိုကြောက်တဲ့ ကိုယ်စားလှယ်တွေရှိတယ်။ ဒီလို လူတွေကိုတော့ အန်တီက သမိုင်းရဲ့တရားခံတွေ လို့ မြင်တယ်။ ပြည်သူ့ဆန်ကိုစားပြီး ပြည်သူ့အကျိုး ဘာမှမလုပ်နိုင်ဘူး။ ဒီလိုလူမျိုးတွေကို ပြည်သူတွေ က ပြတ်ပြတ် သား သား ဖော် ထုတ်ပြီး နောင်တစ်ချိန်မှာ မဲလုံးဝမပေးဖို့ အန်တီက ပြောချင်ပါတယ်။ အမုန်းမခံချင်ရင် အစကတည်းက လွှတ်တော်ကိုယ်စားလှယ် မလုပ်နဲ့။ အချစ်ပဲခံချင် ရင် ရုပ်ရှင် မင်းသမီး၊ မင်းသားလုပ်ပေါ့။
မြန်မာနိုင်ငံရဲ့ လူဦးရေ ၃ဝ ရာခိုင်နှုန်းက လူငယ်များနဲ့ ဆက်ကျော်သက်အရွယ်တွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖတ်ရပါတယ်။ အဲဒီလို ၃ဝ ရာခိုင်နှုန်းရှိတဲ့ လူငယ်အများ စုကို မြန်မာ့လူမှုရေးနယ်ပယ်မှာဝင်ရောက် ဆွေးနွေးခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်မပေးဘဲ လျစ်လျူရှု ခံထားရတဲ့အတွက် ဘယ်လိုအကျိုး ဆက်တွေ ဖြစ်လာနိုင် တယ်လို့ အန်တီသုံးသပ်မိထားပါသလဲ။
အန်တီတို့ရဲ့ လက်တွေ့လူ့အဖွဲ့အစည်းတွေမှာ လူငယ်တွေကိုဆိုရင် ပယ်ထားတာ။ အဲဒါက မကောင်းတဲ့ အမွေဆိုးကြီးကို ပိုက်ထားတာပဲ။ အန်တီတို့ ဒီဘက်မှာ အလုပ် လုပ်တဲ့အခါ တချို့ ပါတီကြီးတွေက လူငယ်တွေကို နေရာမပေးချင် ကြဘူး။ အဖွဲ့တွေဖွဲ့တဲ့အခါ လူငယ်တွေ ဦးဆောင် တာတို့၊ လူငယ်တွေက အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးလုပ်တာတို့ကို လက်မခံချင်ကြဘူး။ ဥက္ကဋ္ဌနေရာတော့ ပြောမနေနဲ့တော့ဘဲ။ ဒါက အလုပ်လုပ်နိုင်တဲ့ ၃ဝ ရာခိုင်နှုန်းကို ဂရုမစိုက် တာပဲ။ ဒါဆို စီး ပွားရေးတိုးတက်ဖို့တို့ ဘာတို့က ဘယ်တော့မှ ရှေ့ရောက်လာမှာ မဟုတ်ဘူး။ ဒီလိုပဲ ဆင်းရဲမွဲတေနေမှာပဲ။ အမှန်က လူငယ် တွေဆိုတာ ဒီနိုင်ငံရဲ့ အနာဂတ်က အဲဒီလူ ငယ် တွေကို ပေးခဲ့ရမှာ။ သူတို့ရဲ့အနာဂတ်အတွက် သူတို့ကို တာဝန်ယူစေတာက အမှန်ကန်ဆုံး ရွေးချယ်ရမဲ့ နည်းလမ်းပဲ။ လူငယ်တွေကိုယ်တိုင် ကလည်း ကိုယ့် အရည် အချင်းကို ကိုယ်မြှင့်တင်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိဖို့ လိုတယ်။ ငါကတော့ လုပ်နိုင်မှာ မဟုတ်ပါဘူးလို့ ထင်နေ တဲ့ လူငယ်တွေကို အန်တီ အ များကြီး တွေ့ ဖူး တယ်။ အမှန်က ဘာမဆို လုပ်နိုင်တာ လူငယ် တွေပါပဲ။ ဒီလိုယုံကြည်မှုတွေ ပျောက်အောင် လည်း လူကြီးတွေ၊ မိဘတွေကပဲ လုပ်ထားတာ ပဲ။
အရမ်းတင်းကျပ် ထိန်းချုပ်ခံရတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းမှာလည်း လူမှုရေးအဖွဲ့အစည်းမှာ ပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့အစည်းမှာပဲဖြစ်ဖြစ် နေရာ မရကြဘူး။ လူ ငယ်တွေ ပြောချင်တာတွေ ကိုလည်း တားမြစ်ထားကြတယ်။ တိုင်းပြည်အရေး နိုင်ငံအရေး၊ ဒေသအရေးတွေမှာ သူတို့စိတ်ဝင် စားလာအောင် အန်တီတို့က လှုံ့ဆော်ပေး ရမှာ။ တားမြစ်လို့မရဘူး။ မြေတောင် မြှောက်ပေးရမယ်။ နောက်ပြီး ရပ်ကွက်တွေ ကျေးရွာတွေမှာ ဘာ ကော်မတီပဲဖွဲ့ဖွဲ့ လူငယ်တွေပါအောင်၊ ပါဝင်ခွင့် ရအောင် ဖန် တီးပေးရမယ်။
လူငယ်တွေကို လူကြီးတွေနဲ့ လက်တွဲပြီး အလုပ်လုပ်စေခြင်းအား ဖြင့် အတွေ့အကြုံတွေကို ဖလှယ်ပေးရမယ်။ ဒါမှ အားနည်းချက်၊ အားသာချက်၊ အမှားတွေကို မြင်မှာ။ ဒါဆို သူတို့လက်ထက်မှာ အမှားနည်း အောင် သူတို့ပြုပြင်နိုင်မှာပေါ့။ ဒါကြောင့် လူငယ် တွေကို လက်တွဲဖို့ နေရာပေးဖို့ အရမ်းအရေးကြီး တယ်။ အန်တီတို့နိုင်ငံက Late 50 Generation က ကိုယ့်နောက်က Generation ကို သေချာ မွေးထုတ်နိုင်ဖို့ အားထုတ်ရမယ်။ အန်တီတို့က Seocnd Generation မွေးထုတ်တာ အရမ်း အား နည်းတယ်။
Domestic Violence တွေ ရှိနေတတ်တဲ့ မိသားစုထဲက ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပိုင်းတွေနဲ့ ပတ် သက်ပြီးေ ဆွးနွေးပေးပါဦး။
ဒီလို အိမ်မျိုးက ကလေးတွေရဲ့ စိတ်က ဘယ်လိုထင်သွားလဲဆိုတော့ ဒီလိုအကြမ်းဖက်မှုက သူတို့အတွက် မထူးဆန်းဘူး။ အကြမ်းဖက်မှကို ရင်းနှီးတဲ့ယောက်ျားလေးက သူအိမ်ထောင်ရှင်ဖြစ်သွားတော့လည်း သူ မိန်းမကိုလည်း သူ ဒီလိုပဲအကြမ်းဖက်လို့ ရမယ်လို့ ထင်မှတ်သွားတတ်တယ်။ ဒီလိုခံရတဲ့မိန်းကလေးကလည်း ဒီလို အကြမ်း ဖက်မှုက ငါ့အမေလည်း ခံရတာပဲ။ ဒါ မထူးဆန်းဘူးလို့ မှတ်သွားတတ်တယ်။ ဒါက အကြမ်းဖက်မှု သံသရာပေါ့။ Recycle of Violence က လည်တတ်တယ်။ ဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုကို တားဆီးရမယ်။ မတားဆီးနိုင်ရင် အန်တီတို့က အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကိုရမှာ မဟုတ်ဘူး။ ဒါ အရမ်းကို အရေးကြီးတဲ့ ဥပဒေပဲ။ ဒီလိုကလေးတွေက ယုံကြည်မှု တွေ နည်းသွားတတ်တယ်။ လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့အခါယုံကြည်မှု မရှိကြတော့ဘူး။ Isolated တွေ ဖြစ်ကုန်တယ်။ အရမ်းအထီးကျန် ခံစားပြီး လူ့အဖွဲ့အစည်းပြင်ပကို ရောက်သွားတတ်တယ်။
Reproductive Health လို ဗဟုသုတမျိုးက အပျိုဖော်ဝင်စမိန်းကလေးတိုင်းသိထားသင့်တဲ့အကြောင်းအရာမျိုးပါပဲ။ ဒါပေမဲ့ မြန်မာ့ ယဉ်ကျေးမှုမှာ ဒါကို နားရှက်စရာ အဖြစ် သဘော ထားနေကြတဲ့အပေါ် အန်တီက ဆွေးနွေးပေးပါဦး။
ဒါမျိုးအလေ့အကျင့်က အရင်တုန်းက အန်တီတို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါပေမဲ့ အန်တီတို့နိုင်ငံက အထီးကျန်ဆန်ဆန်နဲ့ နှစ် အတော်ကြာကြာ နေ လိုက်တော့ အန်တီတို့မှာပဲကျန်ခဲ့တော့တာ။ အထီးကျန်မှုရဲ့သားကောင်တွေ ဖြစ်ကုန်တယ်။ အန်တီတို့ကိုယ် တိုင်လည်း ငယ်ငယ်က အမေတွေ ကို မေးရင် တားမြစ် ခံခဲ့ရတယ်။ စိတ်ဝင်စားခွင့်မပေးဘူး။ ဒီတော့ အန်တီတို့ကိုယ်တိုင် နားလည်သင့်တဲ့အရွယ်မှာ နားလည်ခွင့်မရခဲ့ဘူး။ ဒီတော့ Sexual Violence ရဲ့ သားကောင်တွေက မိန်းကလေးတွေ ဖြစ်လာကြတယ်။ အဲဒါတွေက ဒီလို Education နဲ့ အရမ်းဆိုင်တယ်။ အန်တီက အန်တီတို့ရဲ့ လူ့အဖွဲ့အစည်းကို မေးခွန်းထုတ်ချင် တယ်။ အန်တီတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အန်တီတို့ထက်တင်းကျပ်တဲ့ နိုင်ငံတွေရှိတယ်။ ဥပမာ – ဘင်္ဂလားဒေ့ရှ်ပေါ့။ ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေကို ဖိနှိပ်တယ်လို့ပြောတယ်။ ဘာသာရေးအရ ဖိနှိပ်တာမှာ မလေးရှားလည်း ပါတယ်။ နောက်ပြီး အန်တီတို့နဲ့လည်း ယဉ်ကျေးမှုချင်းသိပ်မကွာတဲ့ ထိုင်းပေါ့။ ဒီနိုင်ငံက အမျိုးသမီးတွေက သူတို့ရဲ့မျိုး ဆက်တွေအတွက် တာဝန်ကျေတယ်။ သူတို့ရဲ့ကျောင်းတွေမှာ သူတို့ ကလေးတွေကို ဒီလို Knowledge မျိုးကို သင်ပေးနေပြီ။ သူတို့နိုင်ငံက မိခင်တွေက သူတို့သား၊ သမီးတွေအပေါ်မှာ တာဝန်ကျေသလို အန်တီတို့နိုင်ငံက မိခင်တွေကလည်း ကိုယ့်သား၊ သမီးတွေ အထူးသဖြင့် သမီးတွေအပေါ်မှာ တာဝန်ကျေကြဖို့ အန်တီက တိုက် တွန်းချင်ပါတယ်။ အန်တီတို့က ကိုယ့်ရဲ့သေတ္တာငယ်လေးထဲမှာပဲ တစ်ဦးတည်းနေလို့မရတော့ဘူး။ သူများနိုင်ငံတွေ၊ သူများလူ့အဖွဲ့အစည်းတွေကိုကြည့်ပြီး အတု ယူသင့်တာတွေကို ယူရမယ်။
အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှားကို လျှောက်ခဲ့မိတဲ့မိန်းကလေး တစ်ယောက်အတွက်ရော ဘယ်လိုလုံခြုံမှုတွေ ဂရုစိုက်မှုတွေ ပေးသင့်ပါသလဲ။
ဒီမှာ အန်တီက ပြန်ပြီး မေးခွန်းထုတ်ချင်တယ်။ ဘယ်လိုအကြောင်းအရာကိုအမှားလို့ သတ်မှတ်ကြတာလဲ။ လူတိုင်းမှာ ခံစားချက်ရှိတယ်။ ယုံကြည်ချက်ဆိုတာ ရှိတယ်။ ဒီတော့ အန်တီတို့က လူတစ်ဦးချင်းစီရဲ့ခံစားချက်၊ ယုံကြည်ချက်ကို လေးစားမှုပေးရမယ်။ ဥပမာ – မိန်းကလေးတစ်ယောက် သူ့ရဲ့နှလုံးသားခံစား ချက်ကြောင့် ချစ်သူ ထားပြီး မတော်တဆ ကိုယ်လေးလက်ဝန်ရသွားတယ်ဆိုပါတော့။ ဒီလိုကိစ္စ ကို အန်တီက အမှားလို့ မပြောချင်ဘူး။ သူ့ရဲ့ ခံစားမှုနောက်လိုက်ပြီး accident ဖြစ် သွား တာပဲ။ ဒီလိုကိစ္စကို နင်မှားပါတယ်ဆိုပြီး လက်ညှိုးထိုး အပြစ်တင် ဝေဖန်ရင် အဲဒီလိုဝေဖန်တဲ့သူ မှားသွားမှာပဲ။ မဝေဖန်ဘဲ accident မဖြစ်အောင် ဒိုင်းကာပေးရမှာ။ အန်တီတို့ပတ်ဝန်းကျင်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ တရားခံကို လျစ်လျူရှုပြီး Victim ကို ဝိုင်းပြီး ရှုတ်ချတာကအမြဲလိုပဲ။ ဒါက Rape Case တွေကို ပိုပြီး တိုးလာစေတဲ့ အကြောင်းအရင်းပဲ။ အဲဒီတော့ Victim ဖြစ်ခံရတဲ့ မိန်းကလေးတွေက ဒုက္ခမရောက်သင့်ဘဲ ပိုဆိုးတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့ရကုန်ရောပဲ။
မြန်မာလူမှုဝန်းကျင်မှာ မိန်းကလေးတွေ အားလုံးက အရှက်နဲ့လူလုပ်ကြတယ်ပေါ့။ ဒီတော့ ရံဖန်ရံခါမှာ အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အန် တီ ဆွေးနွေးပေးပါဦး။
အရှက်နဲ့ လူလုပ်တယ်ဆိုတာက မှားနေတာပဲ သမီးရဲ့။ လူတိုင်းက အသက်နဲ့လူလုပ်ကြတာ ပါ။ ဒါက ဘယ်လိုမှ ငြင်းလို့မရတဲ့ Universal truth ပဲ။ ဒါကို လက်မခံဘဲ Society တစ်ခုက ချမှတ်လိုက်တဲ့ သတ်မှတ်ချက်တွေကြောင့် ခက်ကုန်တာပဲ။ ဒီလို သတ်မှတ်ချက်တွေက စောစောက အန်တီပြောခဲ့တဲ့ Rape Case တွေမှာ Victims တွေက အသက်ဆုံးရှုံးကုန်တော့တာပဲ။
ဒီလိုဆို တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်လို ကိစ္စမျိုးပေးလိုက်ရင်ရော အန်တီပြောခဲ့သလို မတရားမှုတွေနဲ့ရင်ဆိုင်ရတဲ့ မိန်းကလေးတွေရဲ့ ဆုံးရှုံးမှုကို လျော့ချပေးနိုင်မယ်လို့ အန်တီထင်ပါသလား။
ဒီကိစ္စကို အန်တီအရမ်းပြောချင်တယ်။ အခု အန်တီတို့နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေက ၁၈ ရာစုကတည်းက အင်္ဂလိပ်တွေချမှတ်ခဲ့တဲ့ ဥပဒေ။ အခုက ၂၁ ရာစု ကို ရောက်နေပြီ။ ပြုပြင်သင့်တာတွေ ပြုပြင်ရတော့မယ်။ မဖြစ်မနေ ပြုပြင်ရမှာတွေလည်း ရှိတယ်။ အန်တီတို့က ကျယ်ကျယ်ကြည့်ဖို့ အချိန်ရောက်နေပြီ။ အဲဒီ Abortion မှာက မတရားမှုနဲ့ ရင်ဆိုင်ရတဲ့ မိန်းကလေးတစ်ယောက်မှ မဟုတ်ဘူး။ အိမ်ထောင်ရှိတဲ့ မိန်းမတစ်ယောက်အတွက်လည်းရှိတယ်။ ဥပမာ – စီးပွားရေးအ ဆင် မပြေသေးလို့၊ ပညာမပြီးသေးလို့ ဒါမျိုးလူတွေအတွက်လည်း အရေးပါတာပဲ။ တစ်ဖက်ကပြောရရင် ဒါကိုအသုံးချဖို့ လုပ်လာတဲ့သူတွေလည်း ရှိမှာပဲ။ တံခါးဖွင့်လိုက်ရင် လိုအပ်တဲ့နေရောင်၊ လေဝင် လာတတ်သလို မလိုတဲ့အမှိုက်တွေ၊ ဖုန်မှုန့်တွေ လည်း ဝင်လာမှာ ဓမ္မတာပဲ။ ဒါကို အန်တီတို့ ဘယ်လိုပြန်ထိန်းမလဲဆိုတဲ့ ကိစ္စကိုတော့ အလေးထားပြီး စဉ်းစားရမယ်။ တံခါးမှာသံဇကာတွေ တပ်လိုက်တာမျိုး၊ လိုက်ကာလေးတပ်လိုက်တာ မျိုးလုပ်သလိုပေါ့။ အန်တီကတော့ မိန်းမတစ်ယောက် အနေနဲ့ပြော ရရင် တရားဝင်ကိုယ်ဝန် ဖျက်ချခွင့်ကို ပေးစေချင်တယ်။
မြန်မာပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုအကျိုးဆက်မှာ အမျိုးသမီးတွေက အများကြီးခံစားရတယ်လို့ မြင်မိပါတယ်။ အန်တီ့အမြင်ကိုလည်း သိပါရစေ။
ဆင်းရဲနွမ်းပါးမှုက မိန်းမတွေဆီ တိုက်ရိုက်အကျိုးဆက်လာတာက အန်တီတို့နိုင်ငံမှာပဲ မဟုတ်ဘူး။ နိုင်ငံတကာမှာ ဖြစ်တတ်တာပဲ။ အိမ်တစ်အိမ်ကို ကြည့်ကြည့်။ မိန်းမ က အရာရာကို အလျော့ပေးတတ်မြဲပဲ။ ဟင်းတုံးမှာ မကောင်းဆုံးက သူစားဖို့၊ အကောင်းဆုံးက သူ့လင်သားနဲ့ သား၊ သမီးအတွက်ပဲ။ ကောင်းတာတွေအားလုံးကို သူက ဒုတိယနေရာမှာနေပြီး ခံစားရတယ်။ ပညာသင်တော့လည်း ဒီအတိုင်းပဲ။ ယောက်ျားတွေမှာ ဒီလိုစိတ်မရှိဘူးလားဆို။ ရှိမှာပါ။ ဒါပေမဲ့ အန်တီတို့မိန်းမတွေက ပိုနေ တတ်တာတော့ ငြင်းလို့မရဘူး။ ဆင်းရဲရင် မိန်းမတွေက ပညာသင်ဖို့ အခွင့်အလမ်းနည်းသွားတယ်။ ဒါဆို ဗဟုသုတမရှိတော့ဘူး။ အိမ်ထောင်ကို ဦးဆောင် တာက အမျိုး သား။ နောက်ဆက်တွဲတွေမှာ အမျိုးသမီးတွေအတွက် မသက်သာစေတာတွေ ချည်းပဲ။
မြန်မာပြည်မှာ အမှန်တကယ် Gender Equality ရှိတယ်လို့ အန်တီမြင်မိပါသလား။
အဲဒါက ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ equality ဖြစ်တဲ့နေရာကျတော့ ဖြစ်တယ်။ မဖြစ်တဲ့နေရာကျတော့ မဖြစ်ပြန်ဘူး။ ကျောင်းဆရာမတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ လွှတ်တော်ထဲမှာကျတော့ အမျိုးသမီးအင်အားက ၁ ရာခိုင်နှုန်းတောင် မရှိဘူး။ ဒါကိုကြည့်ရင် equality မရှိဘူး ပြောလို့ရတယ်။ အမှန်ကတော့ ကျေးရွာတွေ ရပ်ကွက်တွေမှာ ဘယ်လိုအဖွဲ့တွေပဲဖွဲ့ဖွဲ့ အမျိုးသမီးက ပါကိုပါရမယ်။ အမျိုးသမီးပါမှ အမျိုးသမီးတွေရဲ့ Feeling တွေ၊ အသံတွေကို သိရမှာလေ။ လူ့အဖွဲ့အစည်းမှာ လူက နှစ်မျိုး ပဲ ရှိတယ်။ အဲဒါက ယောက်ျားနဲ့ မိန်းမပဲ။ အမျိုးသမီးတွေလုပ်တဲ့ Project တွေဆိုတာ အမျိုးသားတွေ မမြင်တဲ့၊ သတိမူလေ့မရှိတဲ့ ဟာတွေပဲ။ အရမ်းကောင်း တဲ့ Project တွေ ဖြစ်လာတတ်တယ်။ စနစ်တွေ၊ ပရိယာယ်တွေမှာလည်း ယောက်ျားတွေထက် ပိုမြင်တတ်တယ်။ လူ့အဖွဲ့အစည်းကို ပိုပြီး ဖွံ့ဖြိုးစေချင်၊ တိုးတက်စေ ချင်ရင် အမျိုးသမီးတွေရဲ့ ဘဝကိုမြှင့်ကို မြှင့်ပေးရမယ်။ နေရာပေးရမယ်။ ဒါမှတိုးတက်မှာ။
အမျိုးသမီးတွေအတွက် မြို့ပြအခြေပြု ဖွံ့ဖြိုးရေးနဲ့ကျေးရွာအခြေပြုဖွံ့ဖြိုးရေးဆိုပြီးလုပ်နေတာတွေရှိပေမဲ့ ကျေးရွာမှာနေကြတဲ့ အမျိုးသမီးတွေက ထင်သလောက် ဖွံ့ဖြိုးမှု မရှိတာ ဘာကြောင့်ပါလဲ။
အမျိုးသမီးအများစုက ကိုယ့်ကိုယ်ကိုယ် object လို့ပဲ သတ်မှတ်ထားတယ်။ Subject အဖြစ် မမြင်ကြဘူး။ ဘေးလူကလည်း ဒီလိုပဲ မြင်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် လည်း မြှင့်တင်မှ မြင့်မှာ။ သူများကပဲ တွန်းတင်ပေးနေရုံနဲ့ မမြင့်လာဘူး။ ဒါကြောင့် အန်တီပြောချင်တာက မိန်းမ တွေကကိုယ့်ရဲ့ Box လေးထဲမှာပဲ မျက်စိမှိတ်၊ နား ပိတ်ပြီး မနေပါနဲ့။ အပြင်ကိုထွက်ကြည့်ပါ။ အဲဒီအပြင်ကိုထွက်ဖို့ ခွန်အားကတော့ ကိုယ်တိုင်ရှာရမယ်။ ထွက်ကြည့်ပြီး ဘေးဘီကို လေ့လာပါ။ ဒီလောကကြီးအတွက် ကိုယ်က ဘယ်လောက် အထိ အသုံးဝင်သလဲဆိုတာ အဲဒီမှာ တွေ့ရလိမ့်မယ်။ ကျေးရွာတွေက အမျိုးသမီးတွေကလည်း အရည်အချင်းမမဲ့ပါဘူး။ အရည်အချင်းအရမ်း ရှိကြတယ်။ သူတို့က ယုံကြည်မှုတွေ နည်းနေလို့ပါ။ ဒီလိုအမျိုးသမီးတွေ ယုံကြည်မှု ကိုယ့်ကိုယ်ကိုယ်ရှိဖို့အတွက် အားလုံးက ကြံဆောင်ပေးဖို့ လိုတယ်။
အခုကမ္ဘာ့ဘဏ်ကနေ မြန်မာ့ပညာရေးအတွက် အကူအညီပေးမယ်လို့ သိရပါတယ်။ မြန်မာ့ပညာရေးတိုးတက်ဖို့အတွက် ငွေကြေးအပြင် အခြားဘယ်ဟာတွေ ကို ပြောင်း လဲဖို့ လိုဦးမယ်လို့ အန်တီဆွေးနွေးချင်ပါသလဲ။
ဒီလို ငွေတွေအများကြီးပေးလိုက်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ဘူး။ ဒါကလာဘ်ပေးလာဘ်ယူစနစ် ပိုပြီးကြီးထွားလာဖို့ပဲ ရှိတယ်။ အန်တီတို့နိုင်ငံက အကျင့် ပျက်ခြ စားမှု နိုင်ငံတွေထဲမှာ ပါနေတုန်းပဲ။ ပညာရေးတိုးတက်ဖို့က ငွေကြေးတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ စနစ်တွေပါ ပြောင်းရမယ်။ အမှန်က လူ့စွမ်းအား ဖွံ့ဖြိုးဖို့အ တွက် အဓိကထားပြီးလုပ်ရမှာ။ World Bank က ခဏခဏအမှားတွေ လုပ်တတ်တယ်။
အမျိုးသမီးတစ်ဦးမှာ Life Plan ဆိုတာမျိုး ရှိထားရမယ်ဆိုတာ အမျိုးသမီးအများစုက မေ့ထားတတ်ကြတယ်။ Life Plan ဆိုတာ ရှိထားသင့်ပါသလား။
ဒါက Education နဲ့ဆိုင်တယ်။ အမျိုးသမီးတစ်ဦးက သူရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင်က သူတွေနဲ့ဆိုင်တယ်။ Life Plan ဆိုတာ ရှိထားသင့်တာပေါ့။ ဘယ်အရွယ်မှာ အိမ်ထောင်ပြုမယ်။ ကလေးဘယ်နှယောက်မွေးမယ်။ ဘယ်လို စီးပွားရေးလုပ်မယ်။ ဒါတွေလုပ်ကိုလုပ်ထားရမယ်။ ဒါမှ ကိုယ့်မျိုးဆက်အတွက်လည်း safe ဖြစ်မှာ။ အန်တီ တို့နိုင်ငံမှာ ဒါမျိုးတွေလုပ်တာ သိပ်မရှိတာက education နဲ့ အသိပညာပိုင်းမှာ လိုနေလို့ပါ။ ဒီနေ့မနက်စာကို ဘာချက်မယ်၊ ညစာကို ဘယ်လိုချက်မယ်။ ဒါလည်း plan လုပ်နေတာပဲလေ။ ဒါပေမဲ့ တစ်ခါတလေမှာ ကိုယ့်ရဲ့ plan အတိုင်း ဖြစ်မလာတဲ့အခါလည်း ရှိတယ်။ ဒီအခါမျိုးမှာလည်း ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကိုယ်က plan B ဆိုတာနဲ့ လုပ်ထားလို့ရတယ်။ ဒီလိုအလေ့အထမျိုးကလည်း အိမ်တွင်းပညာပေးလုပ်ရမယ့် မိဘတွေနဲ့အများကြီး ဆိုင်တယ်။
မြန်မာအမျိုးသမီးအများစု နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်တစားမရှိကြဘူး။ အမျိုးသမီးနဲ့ နိုင်ငံရေးက ဘယ်လောက်အထိ အရေးပါတယ်လို့ အစ်မသုံးသပ်ချင်ပါသလဲ။
အန်တီတို့နိုင်ငံက ဖိနှိပ်မှုဒဏ်ကို အကြာကြီး ခံခဲ့ရတာ။ အမှန်ကတော့ နိုင်ငံရေးဆိုတာလူ့ဘဝပါပဲ။ အမျိုးသမီးတွေကို Develop ဖြစ်အောင် လုပ်ပေးရ မယ်။ မြေေ တာင်မြှောက် ပေးဖို့လိုတယ်။ အမျိုးသမီးတွေကလည်း အရည်အချင်းရှိဖို့တော့လိုတာပေါ့။ အမျိုးသမီးတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်စင်စားရင်ရော ဒီ society က စိတ်ဝင်စားခွင့်ပေးလားဆိုတဲ့ အပေါ်လည်းမူတည်သေးတယ်။ နောက် စီးပွားရေးနဲ့လည်းဆိုင်တယ်။ စောစောက ပြောခဲ့သလိုပေါ့။ ဆင်းရဲမွဲတေ တဲ့ နိုင် ငံတွေက အမျိုးသမီးက နိုင်ငံအရေး ဘယ်လိုမှစိတ်ဝင်စားချင်မှာ မဟုတ်ဘူး။ အမှန်က နိုင်ငံရေးမှာအမျိုးသမီးတွေ ပါဝင်လာအောင်လုပ်ရမယ်။ အမျိုးသမီးတွေရဲ့ Dialling skills က အမျိုးသားတွေနဲ့ မတူဘူး။
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအနာဂတ်နဲ့ ပတ်သက်ပြီးဘယ်လိုတွေ မျှော်လင့်မိထားတာ ရှိပါသလဲ။
အန်တီက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အကောင်းမြင်ဝါဒနဲ့ ဝင်လာခဲ့တာပါ။ ဒီတော့ အန်တီကတော့ အကောင်းတွေပဲ မျှော်လင့်တာပါပဲ။ မျှော်လင့်ချင်တယ်ပေါ့။ အခု ဒီနှစ်ေ တွ အတွင်း ရလဒ်တွေကိုကြည့်ရင်တော့ အန်တီတို့ရဲ့သမ္မတကြီးဦးဆောင်ပြီး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ။ တိုးတက်သင့်သလောက် တိုးတက်ပါ တယ်။ ဒါပေမဲ့ အန်တီက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဆိုရင်တော့ အန်တီတို့ရဲ့ရန်ကုန်တိုင်းဒေသကြီးဆိုတာပဲ ကြည့်ရင်တော့ထင် သလော က်တော့ မရခဲ့ပါဘူး။ ဒါက အန်တီ တစ်ဦးတည်းအမြင်ပါ။ အခုရှေ့ဆက်ပြီး အနာဂတ်နဲ့ပတ်သက်ရင်တော့ အကောင်းတွေပဲ အန်တီမျှော်လင့်ချင်ပါတယ်။
ဖြိုးစုပိုပို